3D effect များပါဝင်သည့် Amazon Fire Phone စမတ်ဖုန်း

0
Thursday, June 19, 2014


ဗုဒ္ဓဟူးနေ့က Amazon သည် ကုမ္ပဏီ၏ ပထမဦးဆုံး စမတ်ဖုန်းဖြစ်သည့် Fire Phone ကို မိတ်ဆက်ပြီး Apple နှင့် Samsung တို့ ကြီးစိုးလျက်ရှိသည့် စမတ်ဖုန်းဈေးကွက် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

အဆိုပါ စမတ်ဖုန်းသစ်ကို ဇူလိုင် ၂၅ ရက်တွင် AT&T မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၉၉ ဖြင့် စတင်ရောင်းချမည် ဖြစ်သည်။ ထို့အပြင် Fire Phone ကို ဝယ်ယူသူများသည့် ၉၉ ဒေါ်လာတန် Prime shipping နှင့် content ဝန်ဆောင်မှုကို တစ်နှစ်စာ အခမဲ့ ရရှိမည် ဖြစ်သည်။

Fire Phone တွင် 3D ပုံရိပ်များနှင့် 3D မြေပုံများကို ဖော်ပြပေးနိုင်သလို 3D ဂိမ်းကစားခြင်းနှင့် ဖုန်းကို စောင်းရုံနှင့် scroll လုပ်နိုင်သည့် feature များ ပါဝင်သည်။ ၄.၇ လက်မ display တွင် Gorilla Glass 3 နည်းပညာကို အသုံးပြုထားပြီး ရာဘာကိုယ်ထည်နှင့် အလူမီနီယံ ခလုတ်များဖြင့် တည်ဆောက်ထားသည်။ ကျောဘက်တွင် ပုံရိပ်တည်ငြိမ်မှုကို အထောက်အပံ့ပေးထားသည့် 13-megapixel ကင်မရာ ပါဝင်သည်။ ဓာတ်ပုံများကို Amazon Cloud Drive တွင် အကန့်အသတ်မရှိ သိမ်းဆည်းထားနိုင်သည်။

Operating system အနေဖြင့် ပြုပြင်မွမ်းမံထားသည့် Google ၏ Android operating system ကို အသုံးပြုထားသည်။ ထို့အပြင် အရာဝတ္ထုများ၊ ပုံရိပ်များနှင့် သီချင်းများကို scan ဖတ်ကာ Amazon တွင် ဝယ်ယူနိုင်သည့် ထုတ်ကုန်နှင့် ပတ်သက်သည့် အချက်အလက်ကို သုံးစွဲသူထံ ဖော်ပြပေးနိုင်သော Firefly ဟုခေါ်သည့် ပရိုဂရမ်တစ်ခု ပါဝင်သည်။

Amazon စမတ်ဖုန်းကို AT&T က 32GB အမျိုးအစားအတွက် နှစ်နှစ်စာချုပ်ဖြင့် အမေရိကန်ဒေါ်လာ ၁၉၉ ဖြင့်လည်းကောင်း 64GB အတွက် အမေရိကန်ဒေါ်လာ ၂၉၉ ဖြင့်လည်းကောင်း ရောင်းချမည် ဖြစ်သည်။ လက်လီရောင်းဈေးမှာ အမေရိကန်ဒေါ်လာ ၆၄၉ နှင့် ၇၄၉ ဖြစ်သည်။

Ref: CNET



About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com